
မိဘကျေးဇူးအကျေဆပ်နည်း (အရှင်ဆန္ဒာဓိက)
အရှင်ဘုရား . . .မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလားဘုရား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ဆပ်နိုင်ခဲ့တယ်လို့ ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင်ဆပ်တဲ့နည်းရှိရင် မိန့်ကြားပေးတော်မူပါဘုရား . . . .မောင်အောင်ဇော်၊ ရန်ကုန်မြို့။ဒကာအောင်ဇော်ရေ . . .မြတ်စွာဘုရားရှင်တောင် မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ် ဆိုတဲ့ အစဉ်အဆက်စကား လုံးဝ မမှန်ကန်ကြောင်း (နို့နှစ်လုံးဖိုးလုံး ကျေပါတယ်) ဆောင်းပါးမှာ ဦးဇင်း အကျယ်တ၀င့် ရေးခဲ့ပြီးပြီမို့ ဒီနေရာမှာ ထပ်မပြော လိုတော့ပါဘူး။လိုရင်းကတော့ . . . ဘ၀တစ်ပါး ပြောင်းသွားပြီဖြစ်တဲ့ မယ်တော် (သန္တုဿိတနတ်သား) ကို ဘ၀သံသရာ ၀ဋ်ဒုက္ခက လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့ အတွက် မြတ်စွာဘုရားရှင်မှာ အမေ့နို့ဖိုး တစ်စက်မှ အကြွေးမကျန်တော့ပါဘူး။ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။ မိခင်ကျေးဇူးတွင်လား ဆိုတော့ မဟုတ်ပါဘူး။ ဖခင်ကျေးဇူးကိုလည်း အဖေ့ချွေးဖိုး တစ်စက်မှ အကြွေးမကျန်အောင် ဆပ်နိုင်ခဲ့တာပါပဲ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့အတွက် ဖခင်ကျေးဇူးကို လက်ရုံးနှစ်ဖက်လုံးကျေအောင် မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။ အမေ့ နို့ဖိုးရော၊ အဖေ့ လက်ရုံးဖိုးပါ ကျေအောင် အထူးဆပ်လိုတဲ့ သူတော်ကောင်းတိုင်းအတွက် အတုယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ပါပဲ . .မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင် ဆပ်နိုင်မှာ မဟုတ်ဘူးလို့ လုံးဝ မိန့်တော် မမူခဲ့ပါဘူး။ ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား၊ ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေဆပ်နိုင်ပါတယ် လို့ပဲ မိန့်တော်မူခဲ့ပါတယ်။ မိဘကျေးဇူးဆပ်ခြင်းနဲ့ ပက်သက်တဲ့ ဘုရားအဆုံးအမကို ပြောကြပြီဆိုရင် မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူးလို့ မြတ်စွာဘုရားဟောထားတယ် လို့ လူအများ ပြောလေ့ရှိကြပါတယ်။ အမှန်က ကျေအောင် မဆပ်နိုင်ဘူး လို့ ဟောထားတာ မဟုတ်ပါဘူး။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူး လို့ ဟောထားတာပါ။ လွယ်လွယ် ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူးလို့ ဟောထားတာပါ။ သာမန် ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး၊ အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ် လို့ ဆိုလိုပါတယ်။ (နသုပ္ပဋိကာရံ ၀ဒါမိ)မြတ်စွာဘုရားရှင်ရဲ့ ဟောကြားချက်မူရင်းကို နားထောင်ကြည့်ပါဦးချစ်သား ချစ်သမီးတို့ . . . ၊ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင်ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရား ပြောချင်ပါတယ်။ ပုဂ္ဂိုလ်နှစ်ယောက်ဆိုတာ မွေးမိခင်နဲ့ မွေးဖခင်၊ မိဘအရင်းအချာကို ပြောတာပါ။ ချစ်သား ချစ်သမီးတို့၊ အနှစ်တစ်ရာ သက်တမ်းမှာ အနှစ်တစ်ရာ အသက်ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာ တင်ပြီး ရာသက်ပန် ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်းကြိုင်အောင် နံ့သာမျိုးစုံနဲ့လည်း ပွတ်တိုက် လိမ်းကျံပေးတယ်၊ အညောင်းအညာ ပြေအောင် လက်တွေ၊ ခြေတွေကိုလည်း ဆုပ်နယ်ပေး၊ နှိပ်ပေးတယ်၊ အေးတဲ့အခါ ရေနွေး၊ ပူတဲ့အခါ ရေအေးနဲ့လည်း ရေချိုးသန့်စင်ပေးတယ်၊ ကိုယ်လက် ပေါ့ပါးချမ်းသာအောင် လက်တွေ၊ ခြေတွေကိုလည်း ဆွဲဆန့် ပေးတယ်၊ ပုခုံးထက်မှာပဲ ကျင်ကြီး၊ ကျင်ငယ် စွန့်စေတယ်၊ အဲဒီလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား မဖြစ်သေးပါဘူး။ချစ်သား ချစ်သမီးတို့ . . ၊ စကားကုန် ပြောရမယ်ဆိုရင် မိဘနှစ်ပါးကို နှစ်သက်ဖွယ် ရတနာတွေ အများကြီးရှိတဲ့ တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ် အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်း ရာထူးမှာထားပြီး ကျေးဇူးဆပ်ဦးတော့ မိဘကျေးဇူးကို ကျေအောင်ဆပ်ရာ မရောက်သေးပါဘူး။ ချစ်သား ချစ်သမီးတို့ . . ၊ ဒီလောက် ကျေးဇူးဆပ်ရက်သားနဲ့ ဘာလို့ ကျေးဇူးမကျေနိုင်ရတာလဲဆိုရင် မိဘတွေဟာ သားသမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြလို့၊ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက် စောင့်ရှောက်ကြလို့၊ နို့ချို တိုက်ကျွေး မွေးမြူကြလို့၊ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာ ပြသကြလို့ပါပဲ။ချစ်သား ချစ်သမီးတို့ . . ၊ မိဘကျေးဇူးကို အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရား ညွှန်ပြပါရစေ၊ သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊ သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်၊ မပေးရက် မလှူရက် နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊ ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူ ဆောက်တည်စေမယ်၊ လေးလေးနက်နက် သက်ဝင်စေမယ်၊ ခိုင်ခိုင်ခံ့ခံ့ တည်တဲ့မြဲမြံစေမယ် ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ် ။ဒါဟာ ဘုရားဟော မူရင်းပါပဲ။ မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင် မဆပ်နိုင်ဘူး လို့ ဟောမထားပါဘူး။ ကျေးဇူးမကျေတဲ့ ဆပ်နည်းကိုလည်း အထင်အရှား ဖော်ထုတ်ထားသလို ကျေးဇူးကျေတဲ့ ဆပ်နည်းကိုလည်း အတိအကျ လမ်းညွှန်ထားပါတယ်။ မိဘကျေးဇူးဆပ်တဲ့ နေရာမှာ လောကနည်းနဲ့ ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ ဆပ်ခြင်းလို့ ဆပ်ခြင်းနှစ်မျိုးရှိပါတယ်။ မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထား စတဲ့ လူမှုအသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီး ပေးတာကို လောကနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။ မိဘရဲ့ စားဝတ်နေရေး ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာမို့ ရုပ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ မိဘကျေးဇူးကို ဆပ်လို့ မကျေနိုင်ဘူး ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းပေးတဲ့ လောကနည်း ကျေးဇူးဆပ်ခြင်းကို ရည်ရွယ်ပြီး ပြောတာပါ။လောကနည်းနဲ့ ကျေးဇူးမကျေဘူး ဆိုပေမယ့် အဲဒီနည်းနဲ့ ဆပ်တော့ ဆပ်နေရမှာပါပဲ။ သီတင်းကျွတ်ကျမှ မိဘကို ကန်တော့တာမျိုး၊ နှစ်သစ်ကူးကျမှ မိဘကို လက်ဆောင်ပစ္စည်း ပေးတာမျိုးလောက်နဲ့ ကျေနပ်မနေပဲ နေ့စဉ်၊ လစဉ် ဆိုသလို မိဘကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်သင့်ပါတယ်။ မိဘက ကိုယ့်ကို ထမင်း ဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ၊ ကိုယ်ကရော မိဘကို ထမင်း ဘယ်နှနပ် ပြန်ကျွေးခဲ့ပြီးပြီလဲ၊ မိဘက ကိုယ့်ကို အကျီ၊ လုံချည် ဘယ်နှထည် ဆင်ခဲ့ဖူးသလဲ၊ ကိုယ်ကရော မိဘကို အကျီ၊ လုံချည် ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ၊ ပြန်တွေးကြည့်ရင် (ရှက်စရာ) ဆိုတဲ့ စကားမျိုး ဘယ်တော့မှ ပြောစရာမလိုအောင် အစွမ်းကုန် ဖြည့်ဆည်းပေးလိုက်စမ်းပါ။ မိဘသေခါမှ ကျေးဇူး မဆပ်လိုက်ရလေခြင်း လို့ အရှက်မရှိ အော်ငိုမနေပါနဲ့။ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ မိဘရဲ့ ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ ဆောင်ရွက်ပေးတာဟာလည်း ကျေးဇူးဆပ်တာပါပဲ၊ မိဘရဲ့ အကျီ၊ လုံချည် လျှော်ဖွတ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘ မကျန်းမာရင် ကိုယ်ကိုယ်တိုင်ကျ ဂရုတစိုက် ပြုစုတာတို့ ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ထားမကောင်းတဲ့ မိဘ စိတ်ထားတတ်အောင်၊ ကုသိုလ် နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားလာအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ်။ မိဘရဲ့ စိတ်ဓါတ်မြင့်မားရေးအတွက် စိတ်အာဟာရတွေနဲ့ ကျေးဇူးဆပ်တာမို့ စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း လို့လည်း ဆိုနိုင်ပါတယ်။ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့် မိဘရဲ့ စိတ်ဓါတ် မြင့်မားမှုနဲ့ ကုသိုလ်တိုးပွားမှုက ဘ၀လွတ်မြောက်မှု အဆင့်အထိ တက်လှမ်းနိုင် သွားပြီဆိုရင် အဲဒီလို တက်လှမ်းနိုင်အောင် ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ မိဘကျေးဇူးကို အကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ။သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်။ နတ်တွေ၊ ဘိုးတော်တွေကို အထင်ကြီး ကိုးကွယ်နေတဲ့ မိဘကို ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ ကိုးကွယ်ရာ အစစ်ဖြစ်ကြောင်း၊ သေရင်ပြီးပြီလို့ ယူဆနေတဲ့ မိဘကို သေရင် မပြီးသေးပဲ ကိုယ်ပြုထားတဲ့ ကောင်းကံ၊ မကောင်းကံ အားလျှော်စွာ ဘ၀အသစ် ထပ်ဖြစ်ရဦးမယ့် အကြောင်း၊ ကံကို မယုံတဲ့ မိဘကို သရက်စေ့ထဲမှာ သရက်ပင်ပေါက်ပြီး သရက်သီးတွေ အများကြီး သီးပေးနိုင်တဲ့ ဓါတ်သတ္တိ ကိန်းဝပ်နေသလို ပြုပြောကြံသမျှ လုပ်ရပ်ထဲ၊ စိတ်ဓါတ်ထဲမှာလည်း ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးပေးနိုင်တဲ့ ဓါတ်သတ္တိတွေ ကိန်းဝပ်နေကြောင်း နားလည် သဘောပေါက်အောင် ရှင်းပြပေးရမှာပေါ့။သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်။ ဒါနကုသိုလ်ကြီးတွေ ဒီလောက်လုပ်ထားမှတော့ သီလမလုံတဲ့ အကုသိုလ်လေးက အကျိုးပေးမှာ မဟုတ်ပါဘူးလို့ ယူဆနေတဲ့ မိဘကို ဒါနရှိပြီး သီလမရှိရင် ပစ္စည်းဥစ္စာ ချမ်းသာပေမယ့် အနာရောဂါများတတ်ကြောင်း သေခါနီး ကောင်းရာ သုဂတိရောက်ရေး ကိစ္စကို သီလကသာ အဆုံးအဖြတ်ပေးကြောင်း နားလည်အောင် ပြောပြပေးရပါမယ်။ ငါးပါးသီလ စောင့်ထိမ်းဖြစ်အောင်၊ ဥပုသ် သီလကျင့်သုံးဖြစ်အောင်လည်း ကူညီဆောင်ရွက် ပေးရပါမယ်။နှမြောတွန့်တိုတဲ့ မိဘကို အလှူဒါနနဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်။ ပေးရင် ကုန်တာပဲ လို့ ယူဆနေတဲ့ မိဘကို လယ်ကွက်ထဲ မျိုးစပါးကြဲလိုက်ရင် လက်ထဲမှ လောလောဆယ် စပါးတွေ ကုန်သွားပေမယ့် စပါးပေါ်ချိန်မှာ ကုန်သွားတဲ့ စပါးထက် အဆပေါင်းများစွာ သာလွန်တဲ့ စပါးတွေ ပြန်ရနိုင်တာမို့ ကုန်တယ်မခေါ်ကြောင်း၊ မေတ္တာစေတနာနဲ့ ပေးတဲ့ အပေးမှန်သမျှ ကိုယ်မမျှော်လင့်ပေမယ့် ကိုယ်ရဖို့ချည်းသာဖြစ်ကြောင်း ဒါနရဲ့ မျိုးစေ့နဲ့တူပုံကို လက်ခံလာအောင် ရှင်းပြပေးရပါမယ်။ အလှူဒါန အဆက်မပြတ် ပြုလုပ်နိုင်အောင်လည်း ကိုယ်တတ်စွမ်းသမျှ အမြဲထောက်ပံ့ပေးရပါမယ်။ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်။ ကြုံတွေ့လာသမျှ အဖြစ်အပျက်အပေါ် အဆိုးမြင်စိတ်နဲ့ပဲ အဖျက်သဘော တုံ့ပြန်တတ်တဲ့ မိဘကို အကောင်းမြင်စိတ်နဲ့ အပြုသဘော တုံ့ပြန်တတ်အောင်၊ စိတ်ထားမမှန်တဲ့ မိဘကို စိတ်ထားမှန်အောင် စိတ်ရှည်လက်ရှည် ဖျောင်းဖျနားချ ပေးရပါမယ်။ ၀ိပဿနာအလုပ် အားမထုတ်ချင်တဲ့ မိဘကို ပစ္စုပ္ပန် စိတ်အေးချမ်းဖို့ အတွက်ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့ အတွက်ပါ ၀ိပဿနာဟာ မလုပ်မဖြစ် အရေးကြီးကြောင်း ပြောပြ ပေးရပါမယ်။ အိမ်မှာ တရားအားထုတ်ဖြစ်အောင်၊ လိုအပ်ရင် ရိပ်သာသွားဖြစ်အောင်လည်း အစွမ်းကုန် ကူညီဆောင်ရွက်ပေးရပါမယ်။သဒ္ဒါ၊ သီလ၊ စာဂ၊ ပညာ လို့ ခေါင်းတပ်ပြီး ဟောထားပေမယ့် လိုရင်းကတော့ မိဘကို ကုသိုလ်တရား တိုးတက်သထက် တိုးပွားအောင်၊ တရားထူးတရားမြတ် ရရှိသထက် ရရှိအောင် စွမ်းဆောင်ကူညီပြီး ကျေးဇူးဆပ်ဖို့ပါပဲ။ ကိုယ့်ရဲ့ စွမ်းဆောင် ကူညီမှုကြောင့် မိဘမှာ အောက်ထစ်ဆုံး တစ်မဂ်တစ်ဖိုလ် ကျွတ်တန်းခိုခွင့် ရတယ်ဆိုရင်ကိုပဲ မိဘကျေးဇူး အကြွင်းမဲ့ ကျေသွားပါပြီ။ အောက်ဆုံး တစ်မဂ်တစ်ဖိုလ် ရပြီးရင် အထက်သုံးမဂ်သုံးဖိုလ်က သေချာပေါက် ရတော့မှာပါ။ မိဘကို မဂ်ဖိုလ်ရအောင် စွမ်းဆောင် နိုင်ရင်လည်း မိဘကျေးဇူးကို အကြွင်းမဲ့ ကျေပါတယ်။ ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နိဗ္ဗာန်ရအောင် စွမ်းဆောင်နိုင်ရင်လည်း မိဘကျေးဇူး အကြွင်းမဲ့ ကျေပါတယ်။ အသင်္ခတနိဗ္ဗာန်ကို ထာဝရ စံဝင်သွားကြတဲ့ ရဟန္တာယောင်္ကျား၊ ရဟန္တာမိန်းမတွေအားလုံး မိဘအပေါ်မှာရော၊ တခြားပုဂ္ဂိုလ်တွေ အပေါ်မှာရော ဘာကျေးဇူးကြွေး၊ ဘာအကုသိုလ်ကြွေးမှ မကျန်တော့ပါဘူး။မဂ်ဖိုလ်ရဖို့ အနီးကပ်ဆုံးအလုပ်က ၀ိပဿနာ အလုပ်ဖြစ်တဲ့အတွက် မိဘကို ၀ိပဿနာ အလုပ်အားထုတ်ဖြစ်အောင် ဖန်တီးပေးခြင်း၊ ၀ိပဿနာစာအုပ်၊ ၀ိပဿနာတိပ်ခွေများ လှူဒါန်းခြင်း၊ ၀ိပဿနာရဲ့ အခြံအရံ အထောက်အပံ့ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးခြင်း၊ ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ကို ဦးတည်ပြီးပဲ ပြုဖို့ တိုက်တွန်းပေးခြင်း၊ ကိုယ့်ကြောင့် မိဘရဲ့ ၀ိပဿနာ အားထုတ်မှု အနှောင့်အယှက် မဖြစ်အောင် အရာရာ သတိပြုနေထိုင်ခြင်း တို့ဖြင့်သာ မိဘကျေးဇူးကို အကျေဆပ်နိုင်ပါလိမ့်မယ်။ဒါပေမယ့် သူတစ်ပါးကို မဂ်ဖိုလ် နိဗ္ဗာန်ရောက်အောင် လုပ်ပေးဖို့က သိပ်မသေချာတဲ့အတွက် မိဘကျေးဇူးကို ဒီတစ်ဘ၀တည်းနဲ့ အကျေဆပ်ချင်လွန်းသပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ အနည်းဆုံး တစ်မဂ်တစ်ဖိုလ် ရအောင် ၀ိပဿနာ အားထုတ်တာ အကောင်းဆုံးပါပဲ ဒကာ အောင်ဇော်ရေ . . . .တကယ်တော့လည်း ရှည်လျားလွန်းတဲ့ အစမထင် သံသရာမှာ သူက မိဘဖြစ်လိုက်၊ ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ ကျေးဇူးကိုတော့ဖြင့် ဘယ်သူက ကျေအောင် ဆပ်ပြီးပြီးဆိုတာ ပုထုဇဉ် လောကမှာ လုံးဝ မရှိနိုင်ပါဘူး။ ဒီဘ၀ ကိုယ့်မိဘက အတိတ်ဘ၀ တစ်ခုခုမှာလည်း ကိုယ့်သားသမီး ဖြစ်ခဲ့နိုင်သလို အနာဂတ် ဘ၀တစ်ခုခု မှာလည်း ကိုယ့်သားသမီး အဖြစ်နဲ့ ကိုယ့်ရဲ့ မိဘကျေးဇူးကို ခံယူသူ ဖြစ်လာနိုင်တာပဲ မဟုတ်လား။ ဒီလိုဆိုရင် ကိုယ့်မိဘအပေါ် ကိုယ်ဘက်က ကျေးဇူးကြွေး ကျန်နိုင်သလို ကိုယ့်မိဘ ဘက်ကလည်း ကိုယ့်အပေါ် ကျေးဇူးကြွေး ကျန်နိုင်တာပဲပေါ့။ဒါကြောင့် ကျေးဇူးကျေတာ မကျေတာကို အဓိကမထားပဲ (ကျေးဇူးဆပ်နေဖို့က အဓိက) လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊ ဓမ္မနည်းနဲ့ပါ မိဘကို အမြဲ ကျေးဇူးဆပ်နေဖို့ အရေးကြီးပါတယ်။ မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်း မြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်း သမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်း လက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ ၀င်လာမဆဲ တသဲသဲ ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ . . . . .မိဘကျေးဇူးကို အကျေဆပ်နိုင်ကြပါစေ . . .